Breaking

Adbox

Thursday, 13 July 2017

သီလဝါ အထူးစီးပွားရေး ဇုန်နှင့် မြေနေရာများမှ ဦးပိုင်မှ သိမ်းယူခဲ့သည့် လယ်မြေ ဧကတစ်ရာခန့်ကို တစ်ဧကလျှင် ကျပ်သိန်း၂၅ဝ စီ လျော်ကြေးပေး

ရန်ကုန်

သီလဝါ အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်မြေနေရာဖြစ်သော ဦးပိုင်မှ သိမ်းယူခဲ့သည့် လယ်မြေဧကအနက် ကနဦးဧက တစ်ရာခန့်ကို တစ်ဧကလျှင် ကျပ်သိန်း ၂၅ဝ နှုန်းဖြင့် လျော်ကြေးပေးခဲ့ကြောင်း ဒေသခံ လယ်သမားများထံမှသိရသည်။ ထိုသို့ သိမ်းယူခဲ့သည့် လယ်မြေဧက ၆ဝ၆ ဧကမှာ သီတာမြိုင်ရပ်ကွက်နေ လယ်သမားတချို့ပိုင်ဆိုင်သည့် လယ်မြေဧကများသာဖြစ်ပြီး အဆိုပါရပ်ကွက်မှ လယ်သမားများပိုင်ဆိုင်သည့် လယ်မြေဧကပေါင်းမှာ ဧကလေးထောင်ခန့်ရှိကြောင်း သိရသည်။

''သီလဝါ အထူးစီးပွားရေးဇုန်ထဲမှာပါဝင်တဲ့ ဒုတိယအဆင့် ဇုန်ဘီဘက်ဧရိယာ၂-၂ နဲ့ ၂-၁ဘက်မှာ တစ်ဧကကို ကျပ်သိန်း ၂၅ဝနဲ့ လျော်ကြေးပေးခဲ့တယ်။ ဦးတို့ သီတာမြိုင်ကတော့ ဇုန်ထဲမှာတော့ မပါဝင်တဲ့ လယ်မြေ MEC (ဦးပိုင်)ကုမ္ပဏီက လယ် မြေဧက ၆ဝ၆ ဧကထဲက ဧကတစ်ရာကို ဒီနှစ်ဧပြီမှာ ကမ္ဘောဇဘဏ်ကနေ ပေးခဲ့တယ်။ ကျန်တဲ့ ဧကတွေကိုလဲ တစ်ရစ်ချင်း ပေးသွားမယ်လို့ သိရတယ်''ဟု သီလဝါအထူးစီးပွားရေးဇုန်ထဲတွင်ပါဝင်သည့် ကျောက်တန်းမြို့နယ် သီတာမြိုင်ကျေးရွာနေ လယ်သမားကြီး ဦးအေးဌေးက ပြောသည်။ သီလဝါ ဒုတိယအထူးစီးပွားရေးဇုန်ဘီထဲတွင်ပါဝင်သည့် ဧရိယာ၂-၂နှင့် ၂-၁ထဲ တွင် ပါဝင်သည့်လယ်မြေများအား ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် လယ်မြေတစ်ဧကလျှင် ကျပ်သိန်း ၂၅ဝ၊ ဥယျာဉ်ခြံမြေ ဖြစ်ပါက တစ်ဧကလျှင် ကျပ်သိန်း၂၇ဝနှုန်းသတ်မှတ်ကာ လျော်ကြေးပေးခဲ့သလို သီးပင်စားပင်များကိုလည်း အပင်အရေအတွက်အလိုက် လျော်ကြေးပေးခဲ့ကြောင်း သိရသည်။

''သူတို့လွှဲတာက စီမံကိန်းလုပ်တော့ မယ်ဆိုရင် အဲဒီမြေနေရာကလူတွေကို နေရာအစားပြန်ပေးဖို့ကို အရင်မလုပ်ဘဲ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလကတည်းက ပြောင်းရွေ့စရိတ်သုံးသိန်းနဲ့ အိမ်ငှားနေစရိတ်တစ်လကို တစ်သိန်းနှုန်းနဲ့ လေးလစာပေးခဲ့တယ်။ အဲဒီလူတွေကို ထွက်ခိုင်းပြီး စီမံကိန်းကို စလုပ် ခဲ့တယ်။ သူတို့မြေနေရာ အစားပြန်ပေးရမယ့် ၉၁ အိမ်ကို အခုအိမ်ခြေ ၆ဝ လောက်ပဲ ပြီးသေးတော့ ကျန်တဲ့ ၃ဝကျော်ကတော့ အခုထိ အိမ်ငှားနေရတုန်းပဲ''ဟု ကျောက်တန်းမြို့နယ် ရွှေပြည်သာကျေးရွာမှ ခေါင်း ဆောင်ဖြစ်သူ ဦးမြလှိုင်က ပြောသည်။ သီလဝါ ဒုတိယစီးပွားရေးဇုန်ဘီထဲတွင် ပါဝင်သည့် ဧရိယာရှိ ကျေးရွာများမှာ ရွှေပျောက်ကျေးရွာနှင့် ဖလန်းကျေးရွာတို့ ဖြစ်ကြောင်း သိရသည်။

ယခု ပေးလျော်ခဲ့သည့် လယ်မြေများအား ယခင်က မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပ ဏီလီမိတက်မှ မိမိတို့ပိုင်ဆိုင်သည့် လယ် မြေများဖြစ်ပြီး လယ်သမားများမှ ကျူးကျော်လုပ်ကိုင်ခြင်းသာ ဖြစ်သည်ဟုဆိုကာ ၂ဝ၁၄ ခုနှစ်တွင် တရားစွဲဆိုခဲ့ကြောင်းသိရသည်။ ''အမှုကတော့ ရင်ဆိုင်နေဆဲပဲ ရှိသေးတယ်။ နိုင်လို့ပေးတာမဟုတ်ဘူး။ အဲဒီအမှုမှာ ဦးတို့ကို ကျူးကျော်နဲ့တရားစွဲထားတာ။ဖြစ်ခဲ့တာလဲ ၂ဝ၁၄ ခုနှစ်ကတည်းက သုံးနှစ် ထဲ ဝင်လာပြီဆိုတော့ အမှုမမြောက်ဘူး။ စစ်တဲ့အခါတိုင်း အစိုးရဘက်က ဥပဒေအရာ ရှိကမေးတိုင်းမှာ လယ်သမားတွေက မကျူး ကျော်ဘူး။ ကျွန်တော်တို့ လယ်သမားတွေက ၁၉၉၆-၁၉၉၇ ခုနှစ်မှာ လယ်သိမ်းပြီးကတည်းက နိုင်ငံတော်ကို မြေခွန်ပြေစာတွေ ဆောင်ထားတဲ့အတွက် ကိုယ့်မြေပေါ်ကိုယ် လုပ်တာပါလို့ပြောတဲ့အတွက် ကျူးကျော်မ မြောက်ဘူး။ တစ်ဖက်ကလဲ ဦးပိုင်၊ နိုင်ငံဘက်ကဖြစ်နေတဲ့အတွက်လယ်သမားတွေဘက်ကတော့ အမှုနိုင်ဖို့တော့များပေမယ့် တရားသူကြီးဘက်က ဆုံးဖြတ်ဖို့ခက်နေတယ်''ဟု ၎င်းက ဆက်ပြောသည်။

မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီမှသိမ်းယူခဲ့သည့် လယ်မြေဧကများအနက် ဧကတစ်ရာအား ကမ္ဘောဇကုမ္ပဏီမှ လျော်ကြေးပေးခဲ့ကာ လာမည့်စက်တင်ဘာနှင့် အောက်တိုဘာလများတွင် ၆၈ ဧကအား လျော်ကြေး ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ သီတာမြိုင်ကျေးရွာမှ လယ်သမားကြီးများပိုင်သည့် လယ်မြေဧက ၄ဝဝဝရှိပြီး ယင်း ဧကများအား မြန်မာ့စီးပွားရေးဦးပိုင်မှ ဧက ၆ဝ၆ ဧက၊ ၂ဝ၁၄-၂ဝ၁၅တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဧက၂၈ဝ အား လျော်ကြေး ရခဲ့ပြီး မွေးမြူရေးဇုန်ထဲတွင် ဧက ၁၃ဝဝနှင့် ကျန်မြေများဖြစ်သည့် သီလဝါစက်မှုဇုန်ထဲတွင် ပါဝင်သွားခြင်း စသဖြင့် လေးပိုင်းခွဲကာ သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဌေးဌေး

#theyangontimes

No comments:

Post a Comment

Adbox